ဝါးခယ်မ အောက်တိုဘာ ၅
၂၀၂၅ ခုနှစ် ယနေ့တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အ.ထ.က (၂) ကျောင်း၊ ဘုရင်နောင်ခန်းမ၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးရဲမြင့်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ UNESO ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ UNICEF ၏အမှုဆောင်ဒါရိုက်တာ၊ Education International အထွေထွေ အတွင်းရေးမှူးတို့မှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက ဖတ်ကြားခဲ့သည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ပညာရေးမှူး အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၁၁) ဦး၊ အသက်ပြည့် အငြိမ်းစားယူပြီး အသက်(၇၀)နှစ်နှင့်အထက် သက်ရှိထင်ရှား ရှိနေသော ဆရာကြီး၊ ဆရာမကြီး (၁၃၉) ဦး ကိုယ်စား တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများက ကန်တော့ ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်မွန်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ