ကျောင်းကုန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ

ကျောင်းကုန်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်က ဖတ်ကြားခဲ့ပြီး ၂၀၂၅ ခုနှစ်ဆောင်ပုဒ်မှာ "ပညာရပ်များ ပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကို ဖော်ဆောင်စို့"ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး အသက် ၇၀ နှစ်အထက် ဆရာကြီး၊ ဆရာကြီး (၁၂၂) ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)