ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် MSME ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်

ပုသိမ် အောက်တိုဘာ ‌၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းမြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သီတင်းကျွတ်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နီလာဖိုက်ဘာဂလပ်(စ်)လုပ်ငန်း၊ ရွှေမြင့်မိုရ်စက်မှုလက်မှုလုပ်ငန်းမှ ထုတ်လုပ်သော မျိုးစေ့ချကိရိယာ (Drum Seeder)များ၊ ထိပ်တန်းစက်မှုလက်မှုမှထုတ်လုပ်သော လယ်ယာသုံးစက်ပစ္စည်းများ၊ ဒီဧရာစက်မှုလက်မှုမှထုတ်လုပ်သော လယ်ယာသုံးစက်ပစ္စည်းများ၊ ခရိုင်(၈)ခရိုင်နှင့် မြို့နယ်(၂‌၆)မြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြခန်းများအား ကြည့်ရှုအားပေးပြီး ခရိုင်အလိုက်၊ မြို့နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ကုန်ကြမ်းအဆင့်ပစ္စည်းများ ကုန်ချောအဆင့်အထိ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ပိုးမှုစနစ် ပိုမိုသေသပ်ကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများ ဆွဲဆောင်မှုရှိရှိဖြင့် ဈေးကွက်လိုလားချက်အတိုင်း ဖြည့်ဆည်းနိုင်ရေးကြိုးစား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုမ္ပဏီများမှပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သီတင်းကျွတ်ပွဲတော်ကာလအတွင်း စားသုံးသူပြည်သူများသို့ ရည်ညွှန်းဈေးနှုန်းများဖြင့် ရပ်ကွက်နေ ပြည်သူတစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းဖြင့် ရောင်းချပေးနေမှုအားလည်းကောင်း၊ ဈေးပွဲတော်အတွင်း အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

သီတင်းကျွတ်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲအား အောက်တိုဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂‌၆)မြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြခန်း(၂၆)ခန်း၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီပြခန်း(၁၀)ခန်း စုစုပေါင်း(၃၆)ခန်း ပါဝင်ပြသသွားမည်ဖြစ်ပြီး အများပြည်သူများ လေ့လာဝယ်ယူအားပေးနိုင်စေရေး ဆောင်ရွက်ထားရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများအား လာရောက်လေ့လာဝယ်ယူသူများဖြင့်စည်ကားခဲ့ပြီး သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း အများပြည်သူ စိတ်အပန်းပြေစေရန်အတွက်လည်း ယနေ့ညမှစတင်၍  ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့တွင် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ဇော်ပိုင်၊ အိုင်ရင်းဇင်မာမြင်၊ ဖိုးကာ၊ ရတနာမိုင်တို့က သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာလ ၆)ရက်နေ့အထိ ညစဉ်(၇)နာရီတွင် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)