ဇီးကုန်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးသက်အောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ၂၀၂၅ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများနှင့်တပည့်ဟောင်းများက အငြိမ်းစားယူသွားခဲ့ကြသည့် အသက်(၇၅)နှစ်နှင့်အထက် ဆရာကြီး/ ဆရာမကြီး(၁၅၆)ဦးအား ပူဇော်ကန်တော့ခဲ့ကြပြီး၊ အပူဇော်ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများက ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)မှ ကျောင်းသား / ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် ပူဇော်သီဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဇီးကုန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော ဆရာကြီး/ ဆရာမကြီးများကို မြို့နယ်ပညာရေးရုံးအဖွဲ့မှ ဦးဆောင်ပြီး အိမ်တိုင်ရာရောက် သွားရောက်၍ပူဇော်ကန်တော့ မည်ဖြစ်ကြောင်းသိရသည်။
တင့်ဆွေ(ပြန်/ဆက်)