ပုသိမ် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ(၃)ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆရာ၊ ဆရာများ၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ (၁၃၀ ပေ × ၃၀ ပေ) RC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းပေါင်း ၇ ထောင်ကျော်ရှိပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများဆောက်လုပ်ခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းအတွက် ဆရာ၊ ဆရာမလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံမှုရှိစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧက တိုချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပဲပုပ်ဧက (၁)သိန်းလျာထား စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့် ဝန်ထမ်းဦးရေအား ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှ ဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းအောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့် ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်(၃၅၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ပါကြောင်း၊ ကျေးရွာနေပြည်သူများကလည်း မိမိတို့ကျေးရွာ သန့်ရှင်းသာယာလှရေးအတွက် ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများကလည်း မိမိတို့ဒေသ၏ လိုအပ်ချက်များနှင့် အခက်အခဲများကိုလည်း တင်ပြပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဆရာ၊ ဆရာများ၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)