မြန်အောင် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး (၁၃၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားဆင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာဝတိံသာမြတ်စွာဘုရားကြီး (၁၃၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မုခ်ဦးရှေ့တွင်ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ တာဝတိံသာမြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့်ဦးဝင်းရီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံစုပေါင်းရိုက်ကူးခဲ့ကြသည်။
ထို့နောက် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘုရားပွဲစျေးအတွင်း လှည့်လည် ကြည်ရှု ခဲ့ကြသည်။
မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး သီတင်းကျွတ်ဘုရားဆင်းပွဲတော်ကို (သီတင်းကျွတ် လဆန်း ၇ ရက်နေ့) မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ပွဲတော်သို့ အနယ်နယ် အရပ်ရပ်က နယ်လှည့်ဈေးသည် ဆိုင်ခန်းပေါင်း ၃၀၀ ကျော်လာရောက် ရောင်းချကြပြီး တာဝတိံသာ ဘုရားဇာတ်ရုံတွင် ယဉ်ကျေးမှုဇာတ်သဘင်များ၊ ရဟတ်၊ကလေးကစားစရာ မျိုးစုံတို့ဖြင့် စည်ကားလျက်ရှိသည်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် မြန်အောင်မြို့ တာဝတိံသာဘုရား ဇောင်းတန်းမှ နတ်ဗြဟ္မာများခြံရံလျက် ဘုရားရှင်ကြွတော်မှုပြီး ဘုရားအမှူး ရှိသော သံဃာတော် (၁၃၈)ပါးတို့က မြန်အောင်မြို့အတွင်း ဒေသစာရီလှည့်လည် အပူဇော်ခံ ကြွရောက်ကြရာ မြို့သူမြို့သားအပေါင်းနှင့် ဘုရားဖူးလာသူတို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ဝတ္ထူများကို နှစ်စဉ်လောင်းလှူကြကြောင်းသိရှိရသည်။
ထို့ပြင်နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့နှင့်လပြည့်ကျော် ၁ ရက်နေ့ များတွင် မြန်အောင်မြို့ပေါ်ရှိ ဘုရားစေတီပုထိုးများတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲများနှင့် ဧရာဝတီမြစ်အတွင်း ဆီမီးပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)