သဲကုန်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများနှင့် တပည့်ဟောင်းများက အငြိမ်းစားယူသွားခဲ့ကြသည့် အသက်(၇၅)နှစ်နှင့်အထက် ဆရာကြီး/ ဆရာမကြီး (၉၁)အား တစ်ဦးလျှင် ခုနှစ်သောင်းနှုန်းဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး အပူဇော်ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများက ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)မှ ကျောင်းသား/ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် ပူဇော်သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော ဆရာကြီး/ ဆရာမကြီးများကို မြို့နယ်ပညာရေးရုံးအဖွဲ့မှဦးဆောင်ပြီး အိမ်တိုင်ရာရောက် သွားရောက်၍ ပူဇော်ကန်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)