ပုလော စက်တင်ဘာလ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၂၈၅)ခြေလျင်တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂၈၅) ခြေလျင် တပ်ရင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်လွင်က မြန်မာအီလက်ထရောနစ်(MEVM)စနစ်ဖြင့် အသုံးပြု၍ မဲပေးရခြင်း၏ ရည်ရွယ်ချက်၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မဲပေးစက်များကို ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အရာရှိ၊ အရာခံ၊အကြပ် စစ်သည်များနှင့် မိသားစုဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်း၊ မဲရလဒ်များ ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)