ကျွန်းစု အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော မောင်းလှော်ကျေးရွာရှိ ကွင်းအမှတ်(၃၀၈/၆၉၀)၊ ဦးပိုင်အမှတ် (၁၆၀) တောင်သူ ဦးဝင်းနိုင်၏ မိုးစပါးစိုက်ဧက (၇)ဧကအား ယမန်နေ့ နံနက်ပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမိုးအောင်နှင့် တာဝန်ရှိသူများက မိုးစပါး (ဆင်းသုခ)စံကွက်ရိတ်သိမ်းနေမှုများနှင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ကြည့်ရှုခဲ့ပြီး ရိတ်သိမ်းမှုတွင် တစ်ဧကလျှင် အစိုထွက် (၁၁၇)တင်း ထွက်ရှိခဲ့သည်။
ကျွန်းစုမြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ မိုးစပါးစိုက်ဧက (၁၃၀၁၉)ဧက စိုက်ပျိုးထားရှိရာ တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြု အလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် အဆိုပါကျေးရွာရှိ စံကွက်များအား ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထက်မြင့်(ကျွန်းစု)