ကန့်ဘလူမြို့နယ်တွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ထုတ်ပြန်ကြေညာ

ကန့်ဘလူ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ကန့်ဘလူမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု ၁၁ အုပ်စုတို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၄၂၉၄၀ ဦးရှိပြီး လျာထားမဲရုံပေါင်း ၂၈ ရုံရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)