ဟိုင်းကြီးကျွန်းမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ပထမအကြိမ် မဲစာရင်းများကပ်ထားကြေညာ

ဟိုင်းကြီးကျွန်း အောက်တိုဘာ ၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၃၀ ရက် နံနက်မှ စတင်ကပ်ထား ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ပထမအကြိမ် မဲစာရင်းများကပ်ထားမှုကို သိရှိနိုင်စေရေး အသိပေးကြေညာမှုများ ဆောင်ရွက်လျှက်ရှိရာ မဲစာရင်းများကို ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာ ပေးသွားမည် ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ကြောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင် ကြောင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကိုဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်၊ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ပြီး မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်