မြို့သစ် အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ တတိယပတ်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၆ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်ရေ လှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၆၂၅ ) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၆၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၆ပေ) ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျခြင်း မရှိကြောင်းသိရသည်။
စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေ အနေမရှိကြောင်း၊ ဆည်အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးနှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပေါ်တင့်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)