ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များနေ့ခြင်းပြီး ပြုလုပ်ဆောင်ရွက်ပေး

ဘားအံ အောက်တိုဘာ ၄

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းမျာသည် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ လှာကမြင်ဈေး၌  ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြ သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီနေရပ်စွန့်ခွာပြည်သူများက မိမိတို့ရောက်ရှိရာအရပ်တွင် ဆန္ဒမဲပေးနိုင်ရေး မဲစာရင်းတွင်ထည့်သွင်းပေးပါရန် ပုံစံ(၃-က)ဖြင့် လျှောက်လွှာရေးသွင်း တောင်းဆိုမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်များကို လက်ဝယ်အရောက်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။        

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကျေးရွာအုပ်စု၊ လေယာဉ်ကွင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက သီတင်းကျွတ်လပြည့်နေ့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် မီးပုံးပျံများ လွှတ်တင်ပူဇော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် သန်း(၁၄၀)ဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသော သံလွင်တံတားထိပ် ဘားအံမြို့အဝင် လမ်းနယ်တိုးချဲ့ခြင်းနှင့် စတုရန်းပေ ၁၄၀၀၀ ပေရှိ မြေယာရှုခင်းပြုလုပ်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ  ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်တို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေယာ ရှုခင်းဆောင်ရွက်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့-သံလွင်တံတားဖြတ်လမ်း အရှည် ၁၄၀၀ ပေအား တစ်ဖက်လျှင် ၄ ပေအကျယ် ကွန်ကရစ်လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)