ဝန်းသို ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရေး လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၃)လပတ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်စုစုပေါင်း ၄၁၉၀၉၀၀၀သိန်းဖြင့် လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ၁၁ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများမှ မြို့သစ်(၃)လမ်းမကြီး အရှည်ပေ (၃၀၀) ကတ္တရာခင်းခြင်း၊ ဘူတာစုရပ်ကွက်၊ ကျုတောကွက်သစ်လမ်းအရှည်ပေ (၃၀၀) ကတ္တရာခင်းခြင်း၊ မြကန်သာရပ်ကွက်လမ်းသွယ်(၁) လမ်း အရှည်ပေ (၃၅၀)ကတ္တရာခင်းခြင်းလုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ကျန်ရှိသည့် ဖလဲတန်းရပ်ကွက်လမ်း သွယ်(၁)လမ်းအရှည်ပေ (၅၄၀)ကတ္တရာခင်းခြင်း၊ မြို့သစ်(၁)၊ လမ်းသွယ် (၆)လမ်းအရှည်ပေ(၃၀၀) ကွန်ကရစ် ခင်းခြင်း၊ သမစက်လမ်းအရှည်ပေ(၂၅၀)ကွန်ကရစ်ခင်းခြင်းနှင့် ရပ်ကွက်(၄)ရပ်ကွက်တွင် Box Culvert (၅)စင်း တည် ဆောက်ခြင်းလုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ကျော်မြိုင်(ပြန်/ဆက်)