ကရသူရိမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

ကရသူရိ အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို ကရသူရိမြို့၊ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃)ရက်နေ့ထိ (၁၄)ရက်ကြာ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)