ကျုံပျော်မြို့၌ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျုံပျော် အောက်တိုဘာ ၃

ခွေးရူးရောဂါဖြစ်ပွားမှုကြောင့် ပြည်သူတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုမဖြစ်‌ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို‌ ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်ကုသရေးဦးစီးမှူးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်မိုးက တိရိစ္ဆာန်မှ လူသို့ ကူးစက်တတ်သောခွေးရူးရောဂါအကြောင်းကို Projector ဖြင့်ပြသ၍ ခွေးရူးရောဂါနှင့် အခြားအင်းဆက်များကြောင့် ဖြစ်ပွားနိုင်သောရောဂါများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာ ဦးအောင်သန်းဝင်းက အိမ်မွေးခွေးမှတ်ပုံတင်ခြင်းနှင့် ခွေးလေခွေးလွင့်ဆိုင်ရာ ကိစ္စရပ်များကိုလည်ကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးအောင်ကိုကိုက ခွေးရူးရောဂါလက္ခဏာနှင့် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသိပညာပေးပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)