တမူး အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က စော်ဘွားအင်းရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မိမိတို့မြို့နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစု နိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ၌ မိမိတို့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲပေးစက် နှင့်စပ်လျဉ်း၍ သေချာစွာလိုက်နာမှတ်သားရန်နှင့် ရွေးကောက်ပွဲကာလတွင် အဆိုပါ မဲပေးစက် များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မြတ်၊ အတွင်းရေးမှူး ဒေါ်ကျော့ယမင်းကိုကိုတို့မှ MEVM စက်တွင်ပါဝင်သည့် အစိတ်အပိုင်းများအကြောင်းတို့ကို သရုပ်ပြရှင်းလင်းခြင်း၊ မဲပေးစက်တပ်ဆင်ခြင်း၊ မဲပေးစက်စမ်းသပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ