ဟင်္သာတမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်

ဟင်္သာတ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(နတ်မော်)၌ ယမန်နေ့နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက်ရှိသော အသက် (၁၈)နှစ်နှင့်အထက် ယာယီနေရပ်စွန့်ခွာပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်း အေး၊ ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေးနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက် ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အတွင်းရေးမှူး ဒေါ်စန်းစန်းအေးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေးက  မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) လက်တွေ့စမ်းသပ်မဲပေးခြင်းအား သရုပ်ပြရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာသော အသက် (၁၈) နှစ်နှင့်အထက် ယာယီနေရပ် စွန့်ခွာပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)