ပခုက္ကူ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးအဖြစ် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ၊ ဆွမ်းလုံးတော်ကြီးတင်လှူပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အဖြစ် သီဟိုဠ်ရှင်မြတ်စွာ ဘုရားကြီးဂန္ဓကုဋိတိုက်၊ အရံစေတီများ၊ တန်ဆောင်းနှင့်အုတ်တံတိုင်းများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းအပြင် လျှပ်စစ်ရောင်စုံမီးများ၊ မီးပန်းများဖြင့် အလှဆင်ကာ ဝေဝေဆာဆာဖြင့် ဘုရားဖူးပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်စေရန် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားရန်စီစဉ်ထားကြောင်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းလုံးတော်ကြီး ၇၃လုံး တင်လှူပွဲကို သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် သီတင်းကျွတ်လဆန်း ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲကျင်းပသွားမည်ဖြစ်ပြီး အဆိုပါခြင်းအလှခတ်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်တပင်တိုင် မင်းသမီးလေး ခြင်းလိပ်ပြာနန္ဒာဝင်းအပါအဝင် ခြင်းမင်းသား၊မင်းသမီးများဖြစ်ကြသော ရန်ကုန်တိုင်းမှ အောင်မင်းထွေး၊ မန္တလေးတိုင်းမှ မိုးထက်မြင့်၊ မျိုးဆက်သာနှင့်စိုးဝေနှင်း၊ မကွေးတိုင်းမှ ကိုရှိုင်း၊ တင်တင်လင်း၊ အောင်သူဘိုတို့ ပါဝင်မည်ဖြစ်ကြောင်း ဘုရားကြီး၏ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)