ပြည်မြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းပညာဆွေးနွေးပွဲပြုလုပ်

ပြည် အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိ‌စေရေးအတွက် နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက (ဇီးအုပ်) တောင်သူပညာပေး ရှေ့တန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က ပြည်မြို့နယ်အနေဖြင့် သီးနှံစုံစိုက်ပျိုးပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဘက်တွင်လည်းစားသုံးသူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျော့ကျ ကင်းစင်စေရေးကို အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေ လိုကြောင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးဦးအောင်စိုးမိုးက ဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ခရိုင် သီးနှံကာကွယ် ရေး/မျိုး/မြေတာ၀န်ခံက ပြည်ပပို့ကုန်သီးနှံထုတ် ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ သီးနှံများတွင်ကျရောက်တတ်သောပိုးမွှားနှင့် ရောဂါများအတွက် ဘက်စုံကာကွယ် နှိမ်နင်းရေး နည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊  ပိုးသတ် ဆေးရွေးချယ်မှုမှန်ကန်စေရေးနှင့် စနစ်တကျကိုင်တွယ်သုံးစွဲနည်းများစသည့်အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးခဲ့သည်။

အဆိုပါ‌ ဆွေးနွေးပွဲသို့ ခရိုင်စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ပြည်ခရိုင် သီးနှံကာကွယ်ရေး /မျိုး/မြေတာ၀န်ခံ၊ စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးသည့် တောင်သူ ၆၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)