ဂန့်ဂေါ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဂန့်ဂေါမြို့၊ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ၏ သက်တော်(၇၈)နှစ်ပြည့် ရတနတ္တယပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” မဟာပဏာမ ဘုရားရှိခိုးဂါထာတော် ရွတ်ဆိုပူဇော်ဖွင့်လှစ်၍ အုံ့တုံးတောင်တောရ ကမ္မဋ္ဌာနစရိယဆရာတော် ဘဒ္ဒန္တ ဩသဓထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ်ကို နာယူကြသည်။ ဆက်လက်၍ ကန်အနောက်ကျောင်းဆရာတော် ဘဒ္ဒန္တသာကိယထံမှ ဩဝါဒကထာကိုနာယူကြကာ ဝိဇာတမွေးနေ့ရှင်ဆရာတော်ကြီးအား ပူဇော်ကန်တော့၍ ကျပ်သိန်း(၃၅၀) ကျော် အကုန်အကျခံပြုပြင်ခဲ့သည် ဝိဇယသိမ်တော်အမိုးအသစ်နှင့် ခြူးပန်းခြူးနွယ် တန်ဆာခြယ်ခြင်းပြီးစီးမှုမှတ်တမ်းလွှာကို သာသနာတော်မြတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီး ထံမှသာရဏိယ ကထာကိုနာယူကြပြီး ပင့်ဖိတ်ကြွလာသံဃာတော် အရှင်သူမြတ်(၁၂၃)ပါးအား သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုငွေကျပ် ၁၅၀၀၀၀/- စီကိုလည်းကောင်း၊ ရဟန်းတော်(၃၆)ပါးအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေ ကျပ် ၁၀၀၀၀၀/-စီကိုလည်းကောင်း၊ သာမဏေ(၇၃)ပါးအား လှူဖွယ်ဝတ္ထု ငွေကျပ် ၅၀၀၀၀/-စီကိုလည်းကောင်း၊ သီလရှင်ဆရာလေး(၂၅)ပါးအား လှူဖွယ်ဝတ္ထုငွေကျပ် ၃၀၀၀၀/- စီကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ထို့နောက် မြို့ခင်းသာပရိယတ္တိစာသင်တိုက်မှ သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်သူရဓဇ၊ ပထမ ကြီးတန်းအောင် အရှင်ကေသဝ၊ အခြေပြုမူလတန်းအောင် အရှင်ထေရာနန္ဒနှင့် ရှင်သီလာစာရ တို့အား စာအောင်ပူဇာများ ဆက်ကပ်လှူဒါန်းကြသည်။ ပူဇော်ပွဲသို့ ရပ်နီးရပ်ဝေးမှပင့်ဖိတ်ကြွလာ သံဃာတော် (၂၃၂) ပါးနှင့် သီလရှင်ဆရာလေး (၂၅) ပါးတို့ ကြွရောက်တော်မူကြ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝေဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျင်းပရေး ကော်မတီဝင်များနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ပူဇော်ကြသည်။
အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များအား အာရုဏ်မုန့်ဟင်းခါးဆွမ်းနှင့် နေ့ဆွမ်းဘောဇဉ်အချိုပွဲများကို ဆက်ကပ်လှူဒါန်းသည့်အပြင် ဆရာတော် ဘုရားကြီး၏ရတနတ္တယပူဇော်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ပူဇော်ကြသည့် ပရိသတ် (၅၀၀၀) အား နံနက်ပိုင်းတွင် ဧည့်ခံထမင်းကျွေးမွေး၍လည်းကောင်း၊ ညနေခင်းပိုင်းတွင် မုန့်ဟင်းခါးဖြင့်လည်းကောင်း ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း