တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ် အောက်တိုဘာ ၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများတို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တနင်္သာရီတိုင်းဒေသကြီး အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းလမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားပြီးလုပ်ငန်းများ အောင်မြင်အောင် တက်ညီလက်ညီဆောင်ရွက်ပေးသော ဌာနဆိုင်ရာများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်ကျေးဇူးတင်ရှိကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဌာနဆိုင်ရာအသီးသီးမှာရှိသော ဝန်ထမ်းများက ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို ကပ်ထားကြေညာထားရှိပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းအားကြည့်ရှုပြီး မဲစာရင်းတွင်မပါရှိက သက်ဆိုင်ရာတာဝန်ရှိသောဌာနအကြီးအကဲများက ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးပါက အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မဲစာရင်းတွင် ပါရှိအောင် အလေးအနက်ထား ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မဲစာရင်းပေးသည့်အခါတွင် မှတ်ပုံတင်သည် အရေးကြီးပြီးဝန်ထမ်းနှင့်မိသားစုများ အနေဖြင့်မှတ်ပုံတင်မရှိပါက ရရှိအောင်သက်ဆိုင်ရာ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးနှင့်ညှိနှိုင်းကာဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်းတွင် မှတ်ပုံတင်ရှိအောင် ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြရန်လိုအပ် ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များအား ရှင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)