ပွင့်ဖြူ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သမန်းရင်းကျေးရွာ၌ ပဉ္စမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ဌေးမြက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ စီမံကိန်းမူဘောင်မျာ၊ အတိုးနှုန်းနှင့် စီမံကိန်းစက်ဝန်း ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး အကြီးတန်းစာရေး ဒေါ်ဌေးမြက သမန်းရင်း ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၁ ဒသမ ၄ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သမန်းရင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၅ ဦးကို ငွေကျပ် ၂၀ ဒသမ ၉ သန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၇၉ ဦးကို ငွေကျပ် ၁၅ ဒသမ ၈ သန်း၊ အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၃ ဦးကို ငွေကျပ် ၄ ဒသမ ၃ သန်း ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၄ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၁၅၉ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၁ ဒသမ ၄ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )