စကုမြို့၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မင်းဘူး အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်များရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန် ကြေညာထားရှိရာ အဆိုပါ မဲဆန္ဒရှင် စာရင်းများကို မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မဲစာရင်းများပါ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်အဖြစ် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း၊ အဆိုပါမဲစာရင်းကို မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုစစ်ဆေး၍ မဲစာရင်းတွင် မပါဝင်သူများအား ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများကို ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းဖော်ပြ ထားရှိမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို နေ့စဉ် လာရောက် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာစဉ်ကာလ ပြည်သူများအနေဖြင့် လိုအပ်သောပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူဆောင်ရွက်နိုင်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ မဲစာရင်းများကပ်ထားသည့်အချိန်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများထပ်မံ၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)