ပွင့်ဖြူ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မုန်းမြင့်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့ရမည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဇူလှိုင်က သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို ဆွေးနွေးဟောပြောကာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိမိလွင်က ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ကောင်းမွန်စေရေးအတွက် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများက တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူများကို မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို လိုက်လံဖြန့်ဝေခြင်းနှင့် ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာမှ ဒေသခံပြည်သူ ၁၃၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )