ပန်းတောင်း အောက်တိုဘာ ၄
ပြည်သူများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး ဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်(၉)အချိန်မှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆေးဝါးကုသပေးရာတွင် အထွေထွေရောဂါအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ သားဖွားမီးယပ် အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ ဓာတ်မှန်အထူးကု၊ အရိုးအကြောအထူးကုဆရာဝန်ကြီးများက အထွေထွေလူနာ(၇၄)ဦး၊ ခွဲစိတ်လူနာ(၉)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ(၁၀)ဦး၊ မျက်စိရောဂါလူနာ(၄၆)ဦး၊ ကလေးလူနာ(၈)ဦး၊ သွားရောဂါ လူနာ(၉)ဦး၊ တီဗီဓာတ်မှန်ရိုက်လူနာ(၂၅)ဦး၊ အရိုးအကြောလူနာ (၃၁)၊ ပုံမှန်ကာကွယ်ဆေးထိုးနှံသူ (၅၃)ဦး၊ စုစုပေါင်းလူနာ(၂၆၅)ဦးကို အခမဲ့စမ်းသပ်ကုသပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်အဖွဲ့မှ လာရောက်လှည့်လည် ကြည့်ရှုအားပေးကာ အာဟာရမုန့်များ၊ ကလေးများအတွက်ကစားစရာအရုပ်များ ထောက်ပံ့ ပေးအပ်ပြီး လိုအပ်သည်များကိုမှာကြားကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)