တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား တက်ရောက်၍ အောင်နိုင်ရေးအလံပေးအပ်

ပုသိမ်    အောက်တိုဘာ    ၄

(၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်း ဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိရန် သတ်မှတ်ကာလအတွင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊  (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ဦးတည်ချက် (၄)ရပ်နှင့်  အညီကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာအဆင့်နှင့် အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲများ ကိုသာ ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ခရိုင်အဆင့်ပြိုင်ပွဲ၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများပြုလုပ်ကာ လူရွေးချယ်၍ စခန်းသွင်း လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့ပါကြောင်း၊ နည်းပြများ၊ ပံ့ပိုးသူများအနေဖြင့်လည်း မိမိတို့၏ပြိုင်ပွဲဝင်များ ပိုမိုကောင်းမွန်စေရေး  အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်နိုင်စေရေး လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးဖြစ်သောကြောင့် ရိုးရာအစဉ်အလာများကိုထိန်းသိမ်း၍ ဝတ်စားဆင်ယင်မှုကိုလည်း ဂရုစိုက်ကြရမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးကို လည်းဂရုစိုက် နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊  (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲသို့ တက်ညီလက်ညီသွားရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကြရန်နှင့် ဆုတံဆိပ်များ ရရှိ၍ အောင်မြင်မှုများယူဆောင်လာနိုင် စေကြောင်း တိုက်တွန်းအမှာစကားများ ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်  ကျေးလက်ရိုးရာ အကအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု၊ အဆင့်မြင့်ပညာ(အမျိုးသမီး) အမျိုးဂုဏ်/ဇာတိဂုဏ် အဆိုပြိုင်ပွဲဝင်၊ အခြေခံပညာ (၁၀-၁၅) ကဗျာလွတ်အကအဖွဲ့၊  အခြေခံပညာ(၁၅-၂၀)(အမျိုးသား) ဒုံမင်းအတီး ပြိုင်ပွဲဝင်၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသမီး) ခေတ်ဟောင်း/ကာလပေါ်အဆိုပြိုင်ပွဲဝင်၊ ထားဝယ် တိုင်းရင်းသားရိုးရာအကအဖွဲ့၏ဖျော်ဖြေတင်ဆက်မှု၊  အဆင့်မြင့်ပညာ(အမျိုးသား) စောင်းအတီး ပြိုင်ပွဲဝင်၊ အခြေခံပညာ(၁၅-၂၀)အရေးပြိုင်ပွဲဝင်နှင့်အခြေခံပညာ (၁၅-၂၀)အဆင့် (အမျိုးသား) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်တို့၏ ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုပံ့ပိုးချီးမြှင့်ငွေများအားပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ အမျိုးသား(၇၀)ဦး၊ အမျိုးသမီး(၈၄)ဦး၊ အုပ်ချုပ်၊ နည်းပြ၊ အမျိုးသား(၄၅)ဦး၊ အမျိုးသမီး (၁၇)ဦး၊ ပံ့ပိုးသူအမျိုးသား(၁၇)ဦး အမျိုးသမီး(၄)ဦး၊ အုပ်ထိန်းသူအမျိုးသား (၂၈)ဦး၊ အမျိုးသမီး(၄၉)ဦး၊ စုစုပေါင်းလူဦးရေ (၃၁၄)ဦးပါဝင်မည် ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)