ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တပ်ဖွဲ့နေ့ အခမ်းအနားနေ့အခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၆၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ယူရမည့်နေ့ ဖြစ်သသကဲ့သို့ ရဲတပ်ဖွဲ့ဝင်အားလုံးအတွက်လည်း မင်္ဂလာအခါသမယနှင့်ပြည့်စုံပြီး ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ်လည်းဖြစ်ပါကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာတွင် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါကြောင်း၊  ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် "ပြည်သူ့ရဲတပ်ဖွဲ့ " အမည်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဟူ၍ အမည်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့သည် (၆၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန် ထမ်းဆောင်ခဲ့ရသည့် (၆၁)နှစ်တာကာလတစ်လျှောက်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်  အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် အောင်မြင်စွာဖြတ်သန်းရင်း ရရှိခဲ့သည့်အတွေ့အကြုံများအပေါ် အခြေခံပြီး ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည် ဆိုသည့် မျှော်မှန်းချက်များနှင့်အညီ တည်ဆောက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်ကတိုးမြှင့်ဖြည့်ဆည်း ထောက်ပံ့ပေးလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တိုးတက်ပြောင်းလဲလာသည့် နည်းပညာများနှင့်အတူ ခေတ်နှင့်လျော်ညီသော မှုခင်းဖော်ထုတ်မှု နည်းပညာများကို ကြိုးစားလေ့လာသွားကြရန်နှင့် နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒများနှင့် ဦးတည်ချက်များကို သိရှိနားလည်စွာဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်မှန်သမျှအား အလေးထားကာကွယ်စောင့်ရှောက်ပေးသွားရန်ကိုလည်း တိုက်တွန်းမှာကြားလိုပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့တပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား ဆက်လက်ဖတ်ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်၊ တိုင်းရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့်ချီးမြှင့်ငွေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က တိုင်းရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့်ချီးမြှင့်ငွေများကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြရာ ဆုရရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ်ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)