ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ကျွမ်းကျင်လုပ်သား အကဲဖြတ်စစ်ဆေးခြင်းကို ကြည့်ရှုအားပေး

ဘားအံ အောက်တိုဘာ ၃

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေး အစီအစဉ်အရ Electrician Building Level-1 အကဲဖြတ်စစ်ဆေးခြင်းကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကရင်ပြည်နယ် ဘားအံမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၊ လျှပ်စစ်ကျွမ်းကျင် လုပ်သား (အဆောက်အဦ)အကဲဖြတ်စစ်ဆေးရေးဌာနတွင် စစ်ဆေးအကဲဖြတ်လျက်ရှိရာ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးခံ ယူကြသော ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ) မှသင်တန်းသားငါးဦး၊ ပြင်ပ ဖြေဆိုသူလေးဦး၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ဖြေဆိုသူတစ်ဦးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်းမှဖြေဆိုသူ (၁၅) ဦး စုစုပေါင်း ၂၅ ဦး တို့အား တွေ့ဆုံအားပေး၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ Electrician Building Level-1 အကဲဖြတ်စစ်ဆေးခြင်းကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ယခုကဲ့သို့ ကျွမ်းကျင်မှုအကဲဖြတ်စစ်ဆေးအောင်မြင်ပြီးပါက National Skills Standards Authority မှ အသိအမှတ်ပြုလက်မှတ်ဖြစ်သော Electrician (Building) Level-1 လက်မှတ်ကို ရရှိမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ  (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)သို့ သွားရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား တွေ့ဆုံအားပေး၍ ချီးမြှင့်ငွေပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာ ၂ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များ အနေဖြင့် ကရင်ပြည်နယ်ဂုဏ်ဆောင် ရွှေတံဆိပ်ဆုများကိုရရှိရန်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် ၁၃၅၂၀၀၀ဝ ကို ချီးမြှင့်ပေးအပ်ပြီး ဗဟိုအဆင့်တွင် သွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များက အဆို၊ အက၊ အတီးတို့ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်အားပေးစကားများပြောကြားသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)