ဒေးဒရဲ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် မဲစာရင်းပါရှိရေး၊ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်းကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဖျားကျေးရွာ၊ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်းတိုက်တွင် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပိုထွန်းက မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ လုံခြုံအေးချမ်းစေရေး ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ခိုင်က ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်မြတ်သူက သက်ဆိုင်ရာမြို့နယ်တွင်း ပြင်ပရောက်ယာယီနေရပ်စွန့်ခွာနေရသူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း