တောင်ငူ အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် (၆၄) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်နှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၁၀) နာရီက ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဝါရဏာကျင်းပရေးနှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင် (ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ) က ပဝါရဏာလောင်းလှူနိုင်ရေးနှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့်ကိစ္စများအား လမ်းညွှန်အမှာစကား ပြောကြားသည်။
ထို့နောက် ပဝါရဏာကျင်းပရေးနှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဦးစီးကော်မတီဝင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဟန်မင်းဦးက မုဒိတာစကားနှင့် နှုတ်ဆက်စကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက လုပ်ငန်းကိစ္စများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဖြည့်စွက်အမှာစကား ပြောကြားသည်။
ယင်းနောက် ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ ဦးယဥ်ဌေး၊ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီဥက္ကဋ္ဌ/ အတွင်းရေးမှူးများက သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပမည့် ပဝါရဏာပွဲတော်နှင့် ပဝါရဏာလောင်းလှူရာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းကိစ္စများ၊ ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဆောင်ရွက်ပြီးစီးမှုများ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ ဘဏ္ဍာငွေရှာဖွေရရှိမှု အခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းကိစ္စများကို ဆွေးနွေးကြပြီး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)