ထားဝယ် အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ထားဝယ်)တို့ ပူးပေါင်းဖွင့်လှစ်သောအခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ (၂) ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကလေးသူငယ်များအား အချိန်မတန်မီလုပ်ငန်းခွင်တွင် ကလေးအလုပ်သမားအဖြစ် အသုံးပြုပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများကို ကြီးမားစွာထိခိုက်ဆုံးရှုံးစေမှာ ဖြစ်ကြောင်း၊ ကလေးအလုပ်သမားအများစုဟာ ဆင်းရဲနွမ်းပါးမှုကြောင့်ပညာသင်ယူခွင့်မရရှိဘဲ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရအလုပ်အကိုင်များကို မဖြစ်မနေ လုပ်ကိုင်ကြရသည့်အတွက် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များမှာ ပါဝင်တဲ့ ဆင်းရဲမွဲတေမှုပပျောက်ရန် ဆောင်ရွက်ရာတွင် ကလေးအလုပ်သမားအရေးကိစ္စဟာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ပါဝင်နေကြောင်း၊ ဒါကြောင့် နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့်အမျိုးသားအဆင့်လုပ်ငန်းကော်မတီ ၈ ရပ်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်း၍ “မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃) ခုနှစ်ကိုရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး ကလေးအလုပ်အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ၈ ရပ်ကို လုပ်ငန်းတာဝန်များသတ်မှတ်၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊အခြေခံစက်ချုပ်သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့သည့်သင်တန်းသားများအနေဖြင့်သင်တန်းက စာတွေ့၊ လက်တွေ့ သင်ကြားတတ်မြောက်ခဲ့သော အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းအတတ်ပညာနှင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိနိုင်ပြီး မိသားစုများ၏ လူမှုဘဝမြင့်မားကာ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးကို တစ်ဖက်တစ် လမ်းမှအထောက်အကူပြုနိုင်မှာဖြစ်သောကြောင့် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်း ဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး နည်းပြများအား ချီးမြှင့်ငွေပေးအပ်ကာ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများတို့က သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်များအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)