ပခုက္ကူ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းမှစတင်ပြီး မြို့ပေါ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားရာ ပြည်သူများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ၃၀ရက်မှအောက်တိုဘာ ၁၃ ရက်အထိ ၁၄ ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအမည် စာရင်းမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါမဲစာရင်းများကြေညာကပ်ထားမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်နှင့်တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)