တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြူလုပ်ခဲ့ရာ အခမ်းအနားသိူ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား  စက်တင်ဘာလ (၃၀) ရက်နေ့မှ ကပ်ထားကြေညာလျက်ရှိပြီး ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မဲစာရင်းတွင်မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်းခြင်းများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ပုံစံများနှင့်အတူ လျှောက်ထားစေရေးနှင့် မဲပေးခွင့်အခွင့်အရေးများ ဆုံးရှံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် မရှင်းလင်းသည်များရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများကို မေးမြန်းဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ ရောက်ရှိသည့်နေရာများတွင် မဲပေးနိုင်ရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ မဲစာရင်းများကပ်ထားကြေညာရာတွင်လည်း ရပ်ကွက်အလိုက်၊ လမ်းအလိုက်အညွှန်းများဖြင့် စနစ်တကျဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် မဲစာရင်းလာရောက်ကြည့်ရှုရာတွင် အလွယ်တကူ ရှာဖွေနိုင်စေရေး ဆောင်ရွက်ရန်လည်း လိုပါကြောင်း၊ အခြားသောဒေသများမှ လာရောက်တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းများနှင့် အခြားဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းများ အချိန်မီမဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးက စနစ်တကျစီမံဆောင်ရွက်မှသာ မဲပေးခွင့်ရှိသူအားလုံး ပါဝင်မည်ဖြစ်ပါကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ပါဝင်သည့် ဌာနဆိုင်ရာများကလည်း အသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် လိုပါကြောင်း” အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)