ပုသိမ် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးချုပ်က “တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံမှုရှိစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြင်ပဲပုပ်ဧက ၁ သိန်း လျာထားစိုက်ပျိုးလျက်ရှိပါကြောင်း၊ ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှစ၍ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လက်လီ/ လက်ကား အရောင်းကိုယ်စားလှယ်များသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စနစ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် တိုင်းဒေသကြီးအတွက် (၁) လ ဖြန့်ခွဲရရှိသည့် စားအုန်းဆီတန်ချိန် (၃၆၀၀)ကို လက်ကား/လက်လီ စာရင်းအမှန် နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊အရေအတွက်မှန်၊ အချင်အတွယ်နှင့်အရည်အသွေးမှန်စေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့က စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဖြန့်ခွဲရရှိစားအုန်းဆီများကို ပြည်သူများလက်ဝယ်အရောက်ရောက်ရှိစေရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စားအုန်းဆီတင်သွင်းရာတွင် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ဈေးနှုန်းများဖြင့် သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ယခုအခါ Digital Platform အသုံးပြု Software စနစ်ဖြင့် ထိန်းကျောင်းကြပ်မတ်နိုင်ရေးအတွက် Software အသုံးပြုခြင်း နည်းစနစ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာခရိုင်အလိုက် သင်တန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် Software စနစ်ဖြင့် ထိန်းကျောင်းခြင်းကို လက်ကားကိုယ်စားလှယ်များအားလုံး အသုံးပြုနေပြီဖြစ်သကဲ့သို့ များမကြာမီကာလမှာ လက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများသို့ ရောင်းချပေးမှုကို Software စနစ်ဖြင့်အသုံးပြုနိုင်ရေးကိုလည်း အမြန်ဆုံးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Digital Platform စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်းနှင့် Digital Platform စနစ် ရေရှည်တည်တံ့ပြီး ပုံမှန်လည်ပတ်စေရေးအတွက်ကို တိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီ ရောင်းချပေးနေသည့် လက်ကား/ လက်လီကိုယ်စားလှယ်များမှလည်း အားလုံးပါဝင်လိုက်ပါ ဆောင်ရွက်ကြရန် လိုပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် Capital Connect Limitedမှ တာဝန်ရှိသူတစ်ဦးက EOS Digital စနစ်ဖြင့် စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေးလုပ်ငန်းစဉ်များ၊ စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေး EOS စနစ်တွင် ပါဝင်သည့် စနစ်များနှင့်အသုံးပြုများကိုလည်းကောင်း၊ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စားသုံးဆီများ သယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် GPS, CCTV စနစ်များ တပ်ဆင်စောင့်ကြည့် စစ်ဆေးမှုအခြေအနေအားလည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ် MCB မှ တာဝန်ရှိသူတစ်ဦးက စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအတွက် ဝန်ဆောင်မှုပေးအပ်နေမှုများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)