မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီးရဲ့ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေး အောက်တိုဘာ ၃

မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီးရဲ့ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းက စေတီတော်ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယံသီတန်ဆောင်း၌ ကျင်းပရာ မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက်၏ ပဓာနနာယက မြသလွန်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ သာသနာ့အလံတော်အား အလံတိုင်ထိပ်သိုလွှင့်တင်ပေးတော်မူကာ ဆရာတော်၊ သံဃာတော်များက ဇယန္တော (၂) ဂါထာတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ထို့နောက် (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားအား ကြေးစည်၊ ခေါင်းလောင်း၊ ထိုးစည်၊ ဘားစည်များကို (၂၄) ချက် တီးခတ်ပြီး သံဃာတော် အရှင်သူမြတ်များနှင့် လူပရိသတ်အပေါင်းတို့က သာဓု (၃) ကြိမ် ခေါ်ဆိုတော်မူခဲ့ကြသည်။

ထိုနောက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ပဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။       

အဆိုပါ မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော် အရာရှိ အကြီးအကဲများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာ (၁) ရက်မှ (၂၀) ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့ရိုးရာအစားအစာအမျိုးမျိုး၊ လူသုံးကုန်စ္စည်းများနှင့် တောင်သူသုံးပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုးတိုအား ခင်းကျင်းပြသရောင်းချသည့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ရှိကာ စေတီတော်မြတ်ကြီး ဂေါပကအဖွဲမှလည်း ဘုရားဖူးလာသူများနားနေနိုင်ရန် အခမဲ့နားနေဆောင်များ စီစဉ်ထားကြောင်း သိရသည်။

ထိုပြင် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည်ကျော် (၂) ရက်နေ့တွင် စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာအပါး (၁၅၀၀) အား ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉၀၀၀၊ နံသာ ၉၀၀၀၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)