ပဲခူး အောက်တိုဘာ ၃
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန့်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော စေတနာရှင်အလှူရှင်များက ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမစာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျာဓမ္မာဘိဝံသ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်နှင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာဆရာတော်တို့ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များက ကြွရောက်လာသည့် ဆရာတော်/ သံဃာတော်များ သင်္ကန်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည် တည်ထားကိုးကွယ်နိုင်ရေးအတွက် လှရတနာဆရာတော်ကိုယ်စား တပည့်ဒါယိကာတစ်ဦးမှ အလှူငွေကျပ်သိန်း (၁၀၈)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အလှူငွေကျပ်သိန်း (၁၀၀) နှင့် လှရတနာဆရာတော်ကြီး၏ တပည့်ဒါယိကာဒါယိကာများ၊ ပဲခူးမြို့မှ အလှူရှင်များက အလှူငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ရာ အလှူရှင်များအား ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပုံတော်အား ပြန်လည်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ အဂ္ဂသာမိအရှင်သူမြတ်က ဝမ်းမြောက်စကားမြွတ်ကြားခဲ့ပြီး ကြွရောက်လာသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာပို့ ဆုတောင်းဂါထာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူခဲ့ကြသည်။
၎င်းနောက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ပဓာနနာယက လှရတနာဆရာတော်အရှင်သူမြတ်က အနုမောဒနာတရားဟောကြားချီးမြှင့်ပေးခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှအတမ်း ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌိတု ၃ ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာဆရာတော်အရှင်သူမြတ်၊ စေတနာရှင်အလှူရှင်များမှ ပထမအကြိမ်အဖြစ် အလှူတော်ငွေ ၂၅၁၂ သိန်း ၅ သောင်းနှင့် ယွမ် ၂၀၀၀ တို့အား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ သပြေကုန်းဘိုးဘွားရိပ်သာသို့သွားရောက်ခဲ့ပြီး အဘိုးအိပ်ဆောင်အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုနှင့် အာဟာရဆောင် ပြန်လည်ပြင်ဆင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဘိုးအဘွားများ အာဟာရပြည့်စုံမှုရှိစေရေး၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးကုသခြင်းများ ပြည့်စုံမှုရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)