မကွေး အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များတက်ရောက်ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို(ဗဟို) အဆင့်တွင် တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းအဆင့် ပြိုင်ပွဲကျင်းပပြီး အနုပညာရှင် မျိုးဆက်သစ်များကို စနစ်တကျ ရွေးချယ်ဖော်ထုတ်ပေးခဲ့ကြောင်း၊ အနုပညာအရည်အသွေး ပြည့်ဝစေရန် ပြိုင်ပွဲဝင်များအား သက်ဆိုင်ရာဘာသာရပ် နည်းပြများဖြင့် အနီးကပ်သင်ကြား လေ့ကျင့်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ အနေဖြင့် ယခင်နှစ်ထက်သာလွန်သည့် အောင်မြင်မှုများနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးရရှိစေရေး ကြိုးစားယှဉ်ပြိုင်ကြစေရန်ရည်ရွယ်၍ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများပေးအပ်လိုက်ပါကြောင်းနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုများ ထိုက်တန်စွာ ထပ်မံချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေး အလံကိုပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးအားလည်းကောင်း၊ ပြိုင်ပွဲဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေ ၁၄၇ သိန်းကျပ်ကိုပေးအပ်ရာ အဖွဲ့အုပ်ချုပ်သူက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (ဗဟို)အဆင့် ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အဖွဲ့များ၏ ဝတ်စုံပြည့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)