ရေနံချောင်း အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေစာရင်းများ ပထမအကြိမ်ထုတ်ပြန်ကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့က စတင်၍ ရပ်ကွက်/ကျေးရွာ ၁၉ အုပ်စုရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ တစ်ပြိုင်နက်ဆောင်ရွက်ထားရှိရာ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါမဲစာရင်းများကပ်ထားကြေညာခြင်းကို နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး မဲပေးခွင့်ရှိသူလူဦးရေစာရင်းများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းများမှန်ကန်စေရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား မှာကြားသည်။
ရေနံချောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်းတွင် မိမိတို့အမည်စာရင်းမပါရှိပါက ထပ်တိုးမဲစာရင်း ပုံစံ (၃) ဖြစ်လည်းကောင်း၊ အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ပုံစံ (၄) ဖြင့်လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထုတ်ပြန်ကြေညာသည့် ကာလအတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)