ကြံခင်း အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို(ပထမအကြိမ်) ရပ်ကွပ်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်(ဒုတိယနေ့) ကြေညာထားလျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမှုနှင့် ဒေသခံပြည်သူ လာရောက်ကြည့်ရှုနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်မြို့နယ်လဝကဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက် နေ့ထိ (၁၄) ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး ၃၅ ရုံးတွင် (ပထမအကြိမ်) အဖြစ် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး၊ မိမိ၏အမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းနိုင်ရေး၊ စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ အချက်အလက်များမှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကော်မတီအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေး လျက်ရှိကြသည်။ မဲဆန္ဒရှင်ပြည်သူများအား ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာရင်း လာရောက်ကြည့်ရှုနိုင်စေရန် သံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်အတွင်း ရပ်ကွက် (၅) ရပ်ကွက်တွင် လျာထား မဲရုံ (၉) ရုံ၊ ကျေးရွာအုပ်စု ၃၀ တွင် လျာထားမဲရုံ (၇၅)ရုံ စုစုပေါင်းလျာထားမဲရုံ ၈၄ ရုံဖြင့် ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဖြိုးဝလင်း(ပြန်/ဆက်)