မကွေး အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများစတင်ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့မဲဆန္ဒရှင်စာရင်းများ ကြေငြာထားရှိမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာကော်မရှင် အဖွဲ့ဝင်များက မဲရုံများအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးအတွက် လျှောက်ထားရန် နည်းလမ်းများအား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားခဲ့သည်။
မကွေးမြို့၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်အထိ ၁၄ ရက်တာ ကပ်ထားကြေညာထားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၂၀)မြို့နယ်၊ ရပ်ကွက်/ကျေးရွာ (၇၂၇) ခုတို့တွင် မဲရုံ စုစုပေါင်း(၁၆၄၁)ရုံ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၁,၇၂၂,၆၄၇) ဦးရှိကြောင်း၊ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းအား နိုဝင်ဘာလအတွင်း ထပ်မံကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။
ခရိုင်(ပြန်/ဆက်)