မကွေး အောက်တိုဘာ ၃
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့အချိန်ကစလို ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှာ “ပြည်သူ့ရဲတပ်ဖွဲ့” ဟု အမည်ပြောင်းပြီး အဲဒီနေ့ကို ရဲတပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှာတော့ “ပြည်သူ့ရဲတပ်ဖွဲ့” အမည်မှ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” လို့ အမည်ပြောင်းလဲခဲ့ရာမှာ ဒီနေ့မှာဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟာ (၆၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ (၆၁)နှစ်မြောက် ကာလတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေအပေါ် အောင်မြင်စွာ ကျော်လွှားဖြတ်သန်းရင်း ရရှိခဲ့တဲ့အတွေ့အကြုံတွေကို သင်ခန်းစာအဖြစ်ရယူပြီး ပြည်တွင်းလုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေ အမြဲမပြတ် ထိတွေ့နေကြရမှာဖြစ်လို အစဉ်သတိပြုပြီး အသင့်ဖြစ်နေအောင် စီမံဆောင်ရွက်ထားကြဖို့ လိုအပ်ပါကြောင်း၊ ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူနဲ့အတူလက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရင်းနိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုနိုင်ရေး မိမိအလုပ်တာဝန်ကို တန်ဖိုးထား ဂုဏ်ယူစွာ အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သည် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားသဝဏ်လွှာအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်စိုးဝင်းက ဖတ်ကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်းထူးခြားမှုခင်းများဖော် ထုတ်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ သည့်တပ်ဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတို့က ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)