တောင်ငူ အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကျက်သရေဆောင် ကေတုမတီဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကြာနီကန်စာသင်တိုက်နိုင်ငံတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တသူရိယမဟာထေရ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။ ယင်းနောက် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ကေတုမတီဘိုးဘွားရိပ်သာ နာယက ဦးမြင့်ညို၊ ကေတုမတီဘိုးဘွားရိပ်သာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်း၊ အတွင်းရေးမှူး ဦးယဥ်ဌေးနှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဧည့်ပရိသတ်များက တောင်ငူမြို့ကျက်သရေဆောင် အောင်မြင်ဇေယျုံစာသင်တိုက်ဆရာတော်၊ ကြာနီကန်ဆရာတော်၊ မရမ်းကျောင်းစာသင်တိုက်ဆရာတော်၊ မြစည်းခုံစာသင်တိုက်ဆရာတော်တို့အား ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် သံဃာတော်အရှင်မြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်နှင့် အနုမောဒနာ တရားတော် နာယူကြည်ညိုကာ ရေစက်သွန်းချအမျှပေးဝေ၍ အဘိုးအဘွားများအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)