ပြည် အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓ မြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၇ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၂၈ရက်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက် နိုဝင်ဘာ ၆ ရက်အထိ ၁၀ ရက်တိုင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။
အောက်တိုဘာ ၂၈ရက် နံနက် ၅နာရီခွဲတွင် ဗုဒ္ဓမြတ်စွာအမှူးပြုသော ဩဝါဒါ စရိယဆရာတော်ကြီး ၁၀ ပါးနှင့် သံဃာတော် ၁၀၈ ပါးတို့ကို အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီးနောက် စေတီတော်ရင်ပြင် အာရုံခံတန်ဆောင်း(၄)ခု၌ သံဃာတော် ၂၇ပါးစီဖြင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ကာ စေတီတော်လေးထပ်ဓမ္မာရုံ၌ တရားတော်နာယူပွဲ ကျင်းပမည်ဖြစ်သည်။
ဆက်လက်၍ စေတီတော်ရင်ပြင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၄)နှစ် ပြည့် ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးဆိုင်းဘုတ်ရှေ့၌ ပွဲတော်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ၎င်းနောက်မြတ်စွာဘုရားရှင်နှင့် သံဃာတော်(၁၀၈)ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပမည်ဖြစ်သည်။
အောက်တိုဘာ ၂၉ရက် နံနက် ၉နာရီတွင် ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပါယ်တော်မူသည့် စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ရောင်တော်ဖွင့်ပွဲ ကျင်းပမည်ဖြစ်သည်။
အောက်တိုဘာ ၃၁ရက် ညနေ ၄နာရီခွဲတွင် ရင်ပြင်တော်ကျားပျံဓမ္မာရုံ၌ (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကျင်းပခြင်း၊ တန်ဆောင်မုန်းလဆန်း ၁၂ရက်၊ နိုဝင်ဘာ ၁ ရက် နံနက် ၆နာရီတွင် မြတ်စွယ်တော်တိုက်အတွင်း၌ ဗုဒ္ဓမြတ်စွယ်တော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲနှင့် နိုဝင်ဘာ ၂ရက် မွန်းလွဲ ၃နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို ရင်ပြင်တော် ပေါ်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ် သုံးကြိမ်လှည့်လည်အပူဇော်ခံပွဲတို့ ကျင်းပမည်ဖြစ်သည်။
ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရန် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်၌ နိုဝင်ဘာ ၃ရက်မှ ၅ရက်အထိ နေ့စဉ်နံနက် ၅နာရီခွဲမှ ည၉နာရီအထိ အပူဇော်ခံမည်ဖြစ်ကာ နိုဝင်ဘာ ၆ ရက် နံနက် ၅နာရီခွဲတွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာ ကိန်းဝပ်စံပါယ်တော်မူမည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်ပြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲ အောင်ပွဲ/ပိတ်ပွဲအခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ကိုဆက်(ပြန်/ဆက်)