ကျိုက်လတ် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်(၁၀)နာရီက ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အလှူငွေများပေးအပ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် အသက်(၁၀၆)နှစ်အရွယ်အဘိုး ဦးကြွက်နီအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း၊ ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာအား ထောက်ပံ့ငွေကျပ် (၅)သိန်း၊ ရိပ်သာရှိ ဘိုးဘွား(၂၆)ဦးအတွက်တစ်ဦးလျှင် (၂)သောင်းကျပ်နှုန်းဖြင့် (၅၂၀၀၀၀)ကျပ်တို့အား ထောက်ပံ့ခြင်းဖြစ်ပြီး ဘိုးဘွားများ၏ လက်ဝယ်အရောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခြေအနေများ တိုင်းတာစစ်ဆေးပေး၍ လိုအပ်သည့် သောက်ဆေးများပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့များမှလည်း အာဟာရစားသောက်ဖွယ်ရာများ၊ ဆေးဝါးများအား ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်