ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကျိုက်လတ်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်း ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး

ကျိုက်လတ် အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ(၃၀)ရက်၊ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ်မဲစာရင်းကပ်ထားသည့်နေရာများသို့ ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာမဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးစာရင်းပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင် အချက် အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း၊ မဲစာရင်းနှင့် စပ်လျဉ်း၍ ကွန့်ကွက်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများတွင် မဲစာရင်းထုတ်ပြန်ကြေညာသည့် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၃ ရက်အတွင်း ပြင်ဆင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအလိုက်မဲရုံ(၂၀၇)ရုံ လျာထားသတ်မှတ်ထားရှိပြီး၊ ပထမအကြိမ်မဲစာရင်းအရ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ(၁၃၃၇၇၄) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။

လှိုင်မင်းအောင်