မြိတ် အောက်တိုဘာ ၂
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အခမ်းအနားကို နိုင်ငံတဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပုလဲရတနာခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပခဲ့ပြီးမှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြု ချီးမြှင့်သည်။
မြိတ်ခရိုင်အတွင်း အမှုကြီး(၁၀)မျိုး မှုခင်းဖြစ်ပွားမှုအနေဖြင့် (၂၀၂၄)ခုနှစ်၌ လူသတ်မှု(၂၂)မှု၊ မုဒိမ်းမှု(၇)မှု စုစုပေါင်း(၂၉)မှု၊ (၂၀၂၅)ခုနှစ်တွင် ယနေ့အထိ လူသတ်မှု(၁၀)မှု၊ မုဒိမ်းမှု(၆)မှု၊ စုစုပေါင်း(၁၆)မှု ဖြစ်ပွားခဲ့ကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် (၂၀၂၄)ခုနှစ်တွင် (၁၃၃) မှု၊ တရားခံ(၂၀၀)ဦး၊ (၂၀၂၅) ခုနှစ်တွင် ယနေ့အထိ(၁၀၀)မှု၊ တရားခံ(၁၅၄)ဦးကို မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
အခမ်းအနားတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ဂုဏ်ပြုအမှာစကားပြောကြားပြီး ရဲချုပ်ထံမှပေးပို့သော (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယ ရဲမှူးကြီး သန်းနု က ဖတ်ကြားသည်။ ထို့နောက်မှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲအရာရှိများ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသူများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြပြီး အခမ်းအနားအပြီး၌ ခန်းမအတွင်းပြသထားသည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပညာပေးပြခန်းအား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)