ငပုတော အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင်းနှင့် မဲဆန္ဒရှင်စာရင်းကြေညာခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တပတ် (၂) ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ၊ မဲစာရင်း၌အမည်ပယ်ဖျက်ပြီးကြောင်း ထောက်ခံခြင်း၊ အခြားဒေသတစ်ခုသို့ ပြောင်းရွေ့မည်ဖြစ်သဖြင့် မဲစာရင်းမှအမည်စာရင်းကို ပယ်ဖျက်ပေးရန် တောင်ဆိုလွှာ၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ၊ မဲစာရင်းမှအမည်ကို ပယ်ဖျက်ပေးရန် တောင်းဆိုလွှာ၊ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာများရှိပါက သတ်မှတ်ထားသည့် ပုံစံစာရွက်များအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ပြီး လိုအပ်သည့်အချက်များရေးသွင်းကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ပေးပို့နိုင်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)