ပေါင်းတည် အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသစ်လွင်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုကွင်းဆင်းစစ်ဆေးမှုတွင် မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ၁၄ ရက်ကြာ ကြေညာ ထားမှု၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်မပါရှိပါက ပုံစံ-၃ ဖြင့် တောင်းဆိုထားမှု၊ မဲဆန္ဒရှင် စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ ၄ ဖြင့် ကန့်ကွက်ထားရှိမှု၊ မဲဆန္ဒရှင် စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည်စသဖြင့် မှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင်ထားရှိမှု၊ အထက်ပါပုံစံများအားရပ်ကွက်/ကျေးရွာကော်မရှင်ခွဲရုံးများတွင် အခမဲ့(အခမဲ့) ထုတ်ယူထားမှုအခြေအနေများနှင့် ထုတ်ပေးသည့်ပုံစံများကို စနစ်တကျ မှတ်တမ်းထားရှိရေးနှင့် မဲစာရင်းစာရွက်များပျက်စီးမှု မရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ပေါင်းတည်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၆ )ခုရှိပြီး အသက် ၁၈ နှစ်အထက် မဲဆန္ဒရှင် (၇၆၆၁၅) ဦးရှိကြောင်းနှင့် မဲရုံအရေအတွက် (၉၈) ရုံထားရှိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ရွှေသား(IPRD)