ချောင်းသာ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းမှစတင်၍ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထား ကြေညာရာပြည်သူများလာရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါမဲစာရင်းများကို စက်တင်ဘာ(၃၀)ရက်မှ အောက်တိုဘာလ(၁၃)ရက်အထိ( ၂)ပတ်ကြာ ပထမအကြိမ်ကပ်ထား ကြေညာမည်ဖြစ်ပြီး မဲစာရင်းများအား မဲဆန္ဒရှင်များမှ လာရောက်ကြည့်ရှုကြသည့်အခါ မဲစာရင်းတွင်အမည်စာရင်းမပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများပါရှိနေပါကပုံစံ (၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲစာရင်းပါ မိမိအချက်အလက်များမှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် အခမဲ့ရယူနိုင်ကြောင်း ထိုကဲ့သို့မဲစာရင်းများ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပြီးစီးပါက မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်မံကပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)